အားလုံးက အမှန်တကယ် ပြောင်းလဲမှုကို လိုလားတယ်ဆိုရင် ဒီစစ်ပွဲတွေကို အရင် ရပ်ကြရပါလိမ့်မယ်။ နိုင်ငံရေးအရ ဒီလိုဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်မီးနဲ့တကွ အရာအားလုံးကို အဆုံးသတ်ဖို့ရာ လက်ရှိအချိန်က စလို့လုပ်သင့်ပါပြီ။ ယုံကြည်ချက် ခံယူချက် နိုင်ငံရေး သဘောတရားတွေနဲ့ တိုက်နေကြသလို တိုင်းပြည်နဲ့ လူမျိုးရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတဲ့ အမျိုးသားရေး ဦးတည်ချက်များကို ဦးထိပ်ပန်ဆင်ထားတဲ့ တပ်မတော်က ဘာလို့ တိုက်နေကြတာလဲ။ မိမိတို့ လူ့ဘောင်လောကမှာ အင်အားကြီးသူနဲ့ အင်အားနည်းသူ ပြဿနာ တစုံတရာ ဖြစ်လာရင် အင်အားနည်းသူ ဘက်ကနေ ရပ်တည်ပေးရပါမယ်။
ဒါပေမယ့် တစ်ရွာနဲ့ တစ်ယောက်ဆိုတဲ့ အဖြစ်မျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ နှစ်ဖက် ရပ်တည်ချက်တွေအရ မှန်ကန်တယ်၊ အကောင်းကိုပဲ ဦးတည်တယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာတော့ ကျနော်တို့က အားနည်းသူကို ဦးစားပေးရပါမယ်။ လက်ရှိ တပ်မတော်က အင်အားကြီးသူပါ။ သူ့မှာ ကြည်း၊ ရေ၊ လေ စတဲ့ တပ်မတော်ကြီးရှိတယ်။ နိုင်ငံတကာ အဆင့်မှီ လက်နက်တွေ တပ်ဆင်ထားတယ်။ ဒီတော့ တပ်မတော်သားများနဲ့တကွ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနှင့်သော်လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အနေနှင့်သော်လည်းကောင်း စတင် အလျှော့ပေးရပေမယ်။
ဒါ့အပြင် မိမိတို့ တပ်မတော်သားများ အနေဖြင့်လည်း မိမိတို့ ဦးထိပ်ပန်ဆင်ထားသည့် ဒို့တာဝန် အရေးသုံးပါးကို ပြန်ပြောင်း သုံးသပ်ကြရပေမည်။
၁။ ပြည်ထောင်စုမပြိုကွဲရေး
ပြည်ထောင်စုဟု အဘယ်ကြောင့် ခေါ်တွင်ရသနည်း။ မိမိတို့ မြန်မာနိုင်ငံသမိုင်းကို ပြန်ပြောင်း သုံးသပ်ကြမည်ဆိုလျှင် လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အသီးသီးတို့သည် ရှေးအစဉ်အလာအားဖြင့်လည်း ကိုယ့်လူမျိုး ကိုယ့်ရပ်ရွာ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည့် အစဉ်အလာရှိသော လူမျိုးများ ဖြစ်ကြသည်ကို အကြမ်းဖျဉ်း တွေ့ရှိရပေသည်။ ထိုမှ ပဒေသရာဇ်ခေတ် အုပ်ချုပ်ရေးအရ အင်အားကြီးသူထံ အင်အားနည်းသည့် အုပ်ချုပ်သူ ဘုရင်၊ စော်ဘွား၊ အကြီးအကဲများမှ ပဏ္ဍာဆက်သခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့သည်ကို တွေ့ကြရပေမည်။
တိုင်းရင်းသားခေါင်းဆောင်များနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်
ထို့ပြင် တိုင်းတပါး ကျူးကျော်မှုများကိုလည်း အတူတကွ တွန်းလှန်ခဲ့ကြသည်ကို သာဓကပေါင်းများစွာဖြင့် တွေ့ရှိနိုင်ပေသည်။ ထိုမှသည် တိုင်းတပါး လက်အောက်သို့ သူ့ကျွန်ဘဝ ရောက်ရှိခဲ့ကြရာတွင်လည်း စုစည်းမှု မရှိခဲ့ကြသော်လည်း ကိုယ့်ဒေသအလိုက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည့် မျိုးချစ် သူရဲကောင်းပေါင်း များစွာကိုလည်း တွေ့မြင်ကြရမည် ဖြစ်ပေသည်။ ထိုမှတဆင့်တက်ကာ လွတ်လပ်ရေးကြီး ရယူခါနီးတွင် ထိုဒေသများကို အတူတကွဖြင့် ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ကာ ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူ စာချုပ်ချုပ်ခဲ့ကြသည့် ပင်လုံစာချုပ်သည်လည်း ငြင်းမရသည့် သက်သေ ကြီးပင် ဖြစ်ပေတော့သည်။
ထိုသို့ သမိုင်းနောက်ခံများ၊ အစဉ်အလာများဖြင့် အတူယှဉ်တွဲ နေထိုင်လာကြသည့် မိမိတို့ ပြည်ထောင်စုကြီးသည် ယခုအခါ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေကြသည်ကို တွေ့ရတော့ တမ လွန်သို့ ရောက်သွားကြပြီဖြစ်သော မိမိတို့ ခေါင်းဆောင်များတွေ့လျှင် အဘယ်မျှလောက် ဝမ်းနည်းနေပေလိမ့်မည်နည်း။ ပင်လုံစာချုပ်ပါ ကတိကဝတ်များဖြင့် ဦးနုအစိုးရ လက်ထက်တွင် ဖက်ဒရယ်မူ အကောင်အထည်ဖော်ရေးအတွက် ခေါင်းဆောင်များ အားထုတ်ကြိုးပမ်းကြစဉ် ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်နေဝင်း၏ အာဏာမက်မောမှုကြောင့် မိမိတို့ နိုင်ငံတော်ကြီး၏ လှပသော အနာဂတ်သည် လေထဲတိုက်အိမ်ဆောက်၊ နေ့မြင်ညပျောက် ဆိုသလို ဘုန်းဘုန်းလဲခဲ့ရပေသည်။
ဗိုလ်နေဝင်း၏ တစိုက်မတ်မတ်သွေးထိုးမှုများနှင့် သွေးခွဲမှုများသည် ယနေ့တိုင် မိမိတို့ တပ်မတော် ခေါင်းဆောင်များနှင့် အရာရှိငယ်များကြား၊ စစ်သည်များကြားတွင်သာမက အချို့ပြည်သူများထိပါ သံမှိုစွဲသလို တွေးထင်ထားသည်ကား ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီး အစိတ်စိတ် အမွှာမွှာ ကွဲထွက်မည့်မူ ဖြစ်သည်ဟု လွဲမှားစွာ ခံယူထားခြင်းပင်ဖြစ်သည်။
အပိုင်း(၃) တွင် ဆက်လက်ဖော်ပြသွားပါမည်….
| < Prev | Next > |
|---|

