How do I apply payday loan Your Finances are your own Business
ပင်မနေရာ သွေးစကား အိတ်ဖွင့်ပေးစာ ရှေ့ဆက်ကြမည့် တပ်မတော်နှင့်နိုင်ငံရေး - အပိုင်း (၃)

ပင်မနေရာ သွေးစကား အိတ်ဖွင့်ပေးစာ ရှေ့ဆက်ကြမည့် တပ်မတော်နှင့်နိုင်ငံရေး - အပိုင်း (၃)

ရှေ့ဆက်ကြမည့် တပ်မတော်နှင့်နိုင်ငံရေး - အပိုင်း (၃)

Print PDF
User Rating: / 1
PoorBest 

ဆောင်းပါးရှင် - ဗိုလ်ရဲထက်  ( အပိုင်း ( ၂ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

စစ်အာဏာရှင်များသည် နိုင်ငံရေးလှုပ်ရှားမှုများကို သွေးဆာနေသည့် လူတစ်စုကြောင့်လိုလို ရေးသားခဲ့ကြသည်။ မိမိနှင့်အမြင်မတူ ရန်သူ ဆိုသည့် စိတ်ဓါတ်မျိုးကို ရိုက်ထည့်ခဲ့ကြသည်။ အရိုက်ထည့် ခံသူများကလည်း ခံခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကိုပင် မဆလအစိုးရအား အပြစ်ပုံမချဘဲ ဗကပ လက်ချက်ကြောင့်ဟု စွပ်စွဲခဲ့ကြသည်။ သို့အတွက် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာခဲ့သည်ဟုသာ အမည်ကောင်း တပ်၍ရသည်။ လက်တွေ့တွင် မည်သို့မှ ဒီမိုကရေစီနည်းအရ ကျင့်သုံးနိုင်ခြင်း မရှိခဲ့ပေ။ အစိုးရလုပ်ရပ်သည် မှားသည်မှန်သည်ဟုပင် အပြောမခံဘဲ ဒီမိုကရေစီပါဟု အဘယ်သို့ ပြောနိုင်ပါအံ့နည်း။

လက်တွေ့အဖြစ်ကလေးနှင့် တင်ပြရလျှင်မှု ဦးနုဦးဆောင်သော ပထစ အစိုးရလက်ထက်တွင် သတင်းများတွင်ပါ အစိုးရကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်ကို ဦးနုမှ မည်သို့မှ အရေးယူမှု မရှိခဲ့ဘဲ စေတနာနှင့် လုပ်ရပ်သည်သာ အဓိကဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းအခြေအနေ ကတည်းကပင် အာဏာသိမ်းမည့် အာဏာရှင်စနစ်ကို အသက်သွင်းမည့် ဦးနေဝင်းသည် အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးကြမည့် ဖက်ဒရယ်မူကိစ္စအား မသိနားမလည်သည့် ပြည်သူများအား ပြည်ထောင်စုပြိုကွဲမည့်မူ၊ တိုင်းပြည်အန္တရာယ်ဟု အကြောင်းပြကာ ဦးနုနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်း

ယင်းကိစ္စနှင့် ပတ်သက်ပြီး တော်လှန်ရေးကောင်စီတွင် ဒုတိယ ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်အောင်ကြီးမှ ပွင့်လင်းစွာ ဝန်ခံခဲ့သည်ကိုလည်း လေ့လာသူများ သိရှိနိုင်ပေသည်။ ကျနော်မှတ်မိသလောက် ပြောပြရလျှင်ဖြင့် ဗိုလ်မှူးချုပ်အောင်ကြီးမှ ဝန်ခံပြောဆိုခဲ့သည့် စကားအစုံမှာ “ဒီလိုပါကွယ် အာဏာသိမ်းမယ့် ကိစ္စက ဖြုန်းကနဲ ပေါ်လာတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဗိုလ်ချုပ်နေဝင်းတို့ စီစဉ်နေတာ ကြာပါပြီ။ မင်းတို့သိတဲ့အတိုင်းပဲ ကိုယ်က ဒဂုံရိပ်သာမှာပဲ နေပါတယ်။

တစ်နေ့ ဗိုလ်ချုပ်နေဝင်းက အစည်းအဝေးတက်ဖို့ ခေါ်လို့သွားတယ်။ အဲဒီမှာ ဗိုလ်ချုပ်က အာဏာသိမ်းဖို့ အစီအစဉ်ကို ထုတ်ပြောတယ်။ အဲဒီတုန်းက ကိုယ်ကဘာမှ သိပ်ဝင်မပြောဘူး။ နားထောင်နေလိုက်တယ်။ အဲဒီတစ်ချိန်လုပ်တဲ့ အစည်းအဝေးဘဲတက်ပြီး နောက်လုပ်တဲ့ အစည်းအဝေးတွေ မတက်တော့ဘူး။ ဒီတော့ အာဏာသိမ်းရေးကိစ္စကို ဗိုလ်မှူးကြီး သိန်းစိန်အား တာဝန်ပေးတယ်။ အဲဒီအာဏာသိမ်းမယ့် အစီအစဉ်တွေ ဘယ်အခြေအနေထိ ရောက်နေပြီဆိုတာကို ဗိုလ်အောင်ကြီးဆီကို သွားပြီး အမြဲသတင်းပို့ဖို့ မှာထားတယ်။ မှာတဲ့အတိုင်း ဗိုလ်သိန်းစိန် လာလာပြီး ပြောပါတယ်” စသဖြင့် ပြောခဲ့ပြီး အာဏာသိမ်းပြီးနောက်မှ တိုင်းပြည်ကို တစ်ခုခုတော့ ကြေငြာရမည် ပြောသဖြင့် အားလုံးက ရေးပေးကြပေမယ့် ဗိုလ်ချုပ်နေဝင်းက သဘောမကျခဲ့ကာ နောက်ဆုံး ဗိုလ်မှူးချုပ်အောင်ကြီးမှ စာရွက်နှင့် ခဲတံယူပြီး ယခုလို တိုင်းပြည်ချောက်ထဲကျရန် လက်တစ်လုံးသာ လိုတော့တဲ့အချိန်မှာ တပ်မတော်မှ လက်ပိုက် ကြည့်မနေနိုင်တဲ့အတွက် ဗမာ့တပ်မတော်မှ တာဝန်ယူပြီး အာဏာသိမ်းလိုက်ကြောင်း ရေးပေးလိုက် တယ်၊ အဲဒါကို ဗိုလ်ချုပ်နေဝင်းက သဘောကျပြီး အဲဒီအတိုင်း ကြေငြာခဲ့တယ်လို့ ကာယကံရှင် ဗိုလ်မှူးချုပ် အောင်ကြီးကိုယ်တိုင်က ဖွင့်ဟ ဝန်ခံခဲ့တာ ရှိပါတယ်။

ဒီလောက်ဆိုရင် စကတည်းက တပ်မတော်ကို ခုတုံးလုပ်ပြီး မိမိ အာဏာရရှိရေးအတွက် အသုံးချခဲ့တဲ့ အမှားကနေ စခဲ့လိုက်တာ ခုဆို ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုသည်ကိုဖြင့် အထူးတလည် ရှင်းပြရန် မလိုတော့ပါ။ အမှန်တကယ်သာ ယင်းခေါင်းဆောင်တို့ စေတနာရှိခဲ့ပါလျှင် ယခုကဲ့သို့ တိုင်းပြည်သို့ ကြေငြာချက် ထုတ်နေရန်အတွက် မည်သည့်အကြောင်းနှင့်မျှ ပြာယာခပ်နေရန် မလိုပါ။ အမှန်တကယ်သာ စိတ်စေတနာ မှန်ခဲ့မည်ဆိုလျှင်ပေါ့။

ယခုတော့ ရေးကြီးသုတ်ပြာ ဘာပြောလို့ ပြောရမှန်း မသိလို့ လက်အောက်ကို ရေးခိုင်းပြီးမှ ကြေငြာခဲ့ရတယ်။ ဒါကိုပဲ အစွဲပြုပြီး လက်အောက်ခံ တပ်မတော်သားတွေကို စိတ်ကြီးဝင်အောင် လုပ်ခဲ့တယ်။ ပြည်သူနဲ့ စနစ်တကျ သွေးခွဲခဲ့တယ်။ အမှန်တကယ်တော့ အဲဒီအချိန်အခါမှာ လွတ်လပ်ရေး ရယူပေးပြီးတာ မကြာသေး၊ ပြည်တွင်း သောင်းကျန်းမှုများကို နှိမ်နှင်းပေးပြီးတာ မကြာသေးတဲ့ တပ်မတော်အပေါ် လုံးဝယုံကြည်တဲ့ လူထုရဲ့ယုံကြည်မှုနဲ့ တပ်မတော်သားတွေရဲ့ အမိန့်နာခံတတ်မှုကို အခွင့်ကောင်းယူပြီး အသုံးချခဲ့ရာကနေ ယနေ့ထက်တိုင်ဘဲ တပ်မတော်ကို အသုံးချ နေခဲ့တာဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမိုင်းအမှန် သိမြင်သူများမှလည်း အစွဲကင်းစွာနဲ့ ထုတ်ဖော်တင်ပြကြရန် လိုအပ်သကဲ့သို့ ဖတ်ရှုလေ့လာသူများ အနေနှင့်လည်း သမိုင်းကို သမိုင်းလိုသာ လေ့လာပြီး သမိုင်းထဲမှ သင်ခန်းစာယူကာ ရှေ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း မိမိလေ့လာ ဖတ်မိသမျှထဲမှ တပ်မတော်၏ အမှားတော်ပုံအစနှင့် ယုံမှတ်မှားခဲ့သော အသုံးချခံ ဖြစ်ခဲ့သော အခြေအနေ အကြောင်းတရားများအား တတ်စွမ်းသမျှ ဖော်ပြရင်း ပြည်သူကို အမှန်တကယ် ကာကွယ်မည့် တိုင်းပြည်က လိုလားသည့် တပ်မတော်တစ်ရပ် ဖြစ်တည်ရေးအတွက် ဝိုင်းဝန်းကြိုးစား ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါတယ်ခင်ဗျား။

Last Updated ( Tuesday, 14 August 2012 02:00 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ