
???? ???????????????????????????????????????????
အခြေခံကပြန်လည်တည်ဆောက်ရမည့် နိုင်ငံတော်နှင့် တပ်မတော် အပိုင်း (၅)
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင် ( အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
ဗုဒ္ဓဘာသာဝင် တပ်မတော်သားများကို ဦးတည်နေသော်လည်း အမှန်တော့ မြန်မာ့ တပ်မတော်ထဲတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရေးဟူသော တူညီသော ရည်ရွယ်ချက် ရှိကြပါသည်။ ကိုးကွယ်ရာဘာသာကတော့ ကိုယ်ယုံကြည်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်နိုင်ပြီး အဓိကအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်သူနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သူများ ရှိကြ၏။ ယခင်က မြန်မာပြည်ဖွား ဂေါ်ရခါး၊ ဆစ်ခ် ၊ မွတ်ဆလင် ဘာသာဝင် လူမျိုးအချို့လည်း အမှုထမ်းခဲ့ကြပြီး သူတို့ ယုံကြည်ရာ ကိုးကွယ်မှု ရှိကြသည်။ သူတို့ ဘာသာတရား အလိုက် ကောင်းမွန်သော ဘုရားရှင် အဆုံးအမများလည်း ရှိကြပါသည်။
ဗိုလ်သန်းရွှေ အာဏာရှင်ဖြစ်လာပြီးမှသာ (၂၀၀၀) ပြည့်နှစ် ဝန်းကျင်လောက်တွင် တရား မဝင်တီးတိုးနှုတ်မိန့်ဖြင့် ဘာသာမတူသူ အရာရှိများကို အထက်ပိုင်း ဒု ဗိုလ်မှူးကြီး အထက် ရာထူးများ မပေးရန် ရွှေဥာဏ်တော်စူးရောက်၍ စိတ်ရူးပေါက်ကာ ညွှန်ကြား ပိတ်ပင်ခဲ့သောကြောင့် အတွေ့အကြုံ အရည်အချင်းရှိသူ နောင်တော်ကြီးများနှင့် မဟေသီများပါမကျန် စိတ်ဒုက္ခ ရောက်ခဲ့ကြရ၏။ လုပ်ဖော်ကိုင်ဖက်များ အောက်ပိုင်း တပ်မှူးများအဖို့တော့ သဘောမတူ လက်မခံနိုင်ပေမယ့် အထက်အမိန့်ဖြစ်နေ၍ ပြန်လည်း စောဒက မတက်ရဲသည့်အတွက် တရားဝင်မူ တခုသဖွယ် ဖြစ်ခဲ့ဖူး၏။ ဤလုပ်ရပ်သည် တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး စိတ်ဓါတ် ပျက်ပြားစေ၏။ အချင်းချင်းလည်း ယုံကြည်မှု ကင်းမဲ့သွားစေခဲ့သည်။ ဘာသာမတူသူ အရာရှိများအား အားငယ်၍ စိတ်ဓါတ် အကြီးအကျယ် ကျစေခဲ့သည်။ ကျနော်တို့သည် တပ်မတော်သမိုင်းတလျောက် ဤတခါသာ ကြားဖူးတွေ့ဖူးခဲ့သည်။ လူ့ကျင့်ဝတ်အရလည်း လုံးဝ (လုံးဝ ) လက်မခံနိုင်ခံပါ။
ထိုထို အာဏာရှင် စိတ်ရူးပေါက်နေသူကြီးများသည် ဘာသာရေးအသိ ကင်းမဲ့သော လူဗာလကြီးများသာ ဖြစ်ချေသည်။ အခြားဘာသာရေး ဗဟုသုတကို မပြောနှင့်။ ကိုယ်ကိုးကွယ်သော ဘာသာတရား ဗဟုသုတပင် ပြည့်စုံခြင်းမရှိ ဟု ယူဆမိသည်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်သည်ထက် ပို၍ နတ် ဗေဒင် ယတြာ ဘိုးတော်များကို သဲသဲမဲမဲ ကိုးကွယ်နေသည်ကိုက ဘုရားမှန်းမသိ တရားမှန်း မသိသူများဆိုတာ သိသာသည်။ ဒါကိုက အောက်ခြေ တပ်မတော်သားများနှင့် ပြည်သူလူထုကို မဟုတ်မမှန်သော မိစ္ဆာဒိဌိ အယူမှားများကို အတုခိုး မှားအောင် ရှေ့ဆောင် လမ်းပြနေသလိုပင်။ မကောင်းသော မဟုတ်မမှန်သော လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များက ပြည်သူလူထုနှင့် တပ်မတော်ထဲသို့ ဝင်ပြီး အတုခိုးမှားနေကြခြင်း၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား စိတ်ဓါတ်များ လွမ်းမိုးနေကြခြင်း အကြောင်းမှာ ဤလူဆိုးလူမိုက် ခေါင်းဆောင်ကြီးများ တရားခံဖြစ်၏။ သည်တော့ တပ်မတော်ထဲမှာ ပြုပြင်စရာတွင် လွပ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့် ရရှိရေးဆိုတာလည်း တစ်ချက်ပါဝင်နေ၏။ သံဃာတော်များကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ ဆရာဒကာစီမံချက်အစား ဘာသာရေး အသိတရားများဖြင့် စစ်သည်တော် ကျင့်ဝတ်ကို အထောက်အကူ ပြုနိုင်ရေးဆိုသည့် စစ်မှန်ကောင်းမြတ်သော ရည်ရွယ်ချက်ကို အစားထိုးသင့်၏။
ဆန်းစစ်ကြည့်ပါက ဘာသာရေးဆိုသည်မှာ ယခုဘဝ၏ နောက်ဖြစ်လတံ့သော ကာလတွင် အခြေအနေ တခုအတွက် ယုံကြည်ချက်နှင့် အားကိုးချက်ဖြင့် ကိုးကွယ်ခြင်း၊ အားထုတ်ခြင်းများသာ ဖြစ်၏။ သို့သော် ယခုမျက်မှောက်ကာလ ဘဝရှင်သန် နေထိုင်မှုတွင်လည်း လောကီဆိုင်ရာ လမ်းညွှန်ချက်များ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုများဖြင့် တဘက်တလမ်းက အထောက်အကူ ပြုနေပေသည်။ လောကကြီးကို အေးချမ်းသာယာစေသော မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စသော ဗြဟ္မစိုတရားများလည်း ထွန်းကားပြန့်ပွားစေ၏။ လူသားတို့ လိုက်နာနိုင်လျင် လိုက်နာ နိုင်သလောက် လောကကြီးကိုအလှဆင်ကာ အကျိုးကျေးဇူလည်းများနိုင်သည်။ ဘာသာတရားနှင့် နိုင်ငံရေး ယှဉ်တွဲ၍မရဟူသော နိုင်ငံရေး ပရောဖက်ဆာကြီးများ၏ စကားမှာ သူတို့နိုင်ငံ အခြေအနေ တရပ်အပေါ် အခြေခံထားခြင်း ဖြစ်ပြီး တဘက်သတ် သတ်မှတ်ချက်ဖြစ်၏။ ဥပမာအားဖြင့် ဘာသာရေးခေါင်းဆောင်များက နိုင်ငံအုပ်ချုပ်ရေး အခန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင် ပါတ်သက်ခဲ့ခြင်းကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင်လည်း မင်းတုန်းမင်း လက်ထက်၌ ကနောင်မင်းသားကြီး ရေမြုပ်ဗုံး တီထွင်သည့်အချိန် ဘုန်းတော်ကြီးတပါး ပါဝင်ပတ်သက်ခြင်းကြောင့် တည်ထွင်မှု ရပ်လိုက်သည့် ဖြစ်ရပ်သည် နောင်အခါတွင် မြန်မာနိုင်ငံတော် အင်္ဂလိပ်လက်အောက် ကျွန်ဖြစ်ခဲ့ရသည်နှင့် ပါတ်သက်၍ သမိုင်းလေ့လာသူ လူငယ်များက ဘာသာရေး တရပ်လုံးနှင့်ယှဉ်ပြီး ဆင်ခြေပေးစရာ အဖြစ်မျိုး ဖြစ်လာရပုံမျိုး ဖြစ်၏။ တရုတ်ပြည်ကြီးတွင် ကွန်မြူနစ် မော်စီတုန်းတို့က ချန်ကေရှိတ်အစိုးရကို ထိုင်ဝမ်သို့ မောင်းထုတ် အောင်နိုင်ပြီးသည့်နောက် တိဘက်ပြည်ကို မတရား သိမ်းပိုက် ခဲ့ရာတွင် ပြောခဲ့သော စကားတခွန်းမှာ ဘာသာရေးဟူသည် ဘိန်းဟူ၏။ သို့သော် သေချာသည်က မအောင်မြင်ခဲ့သော မော်ကွန်မြူနစ် ဝါဒသာလျင် ဘိန်းဖြစ်လာခဲ့လေသည်။
ဘက်စုံထောင့်စုံက လေ့လာကြည့်ပါလျင်မူ ဘာသာရေးသည် နိုင်ငံရေးနှင့် လုံးဝ သီးခြားတည်ရှိသည်တော့ မဟုတ်ပါ။ ဘိန်းလည်းမဟုတ်ပါ။ ဘိန်းဟု ပြောသူ၏ အတွေးအခေါ် အဆင့်မှာ ရုပ်သက်သက်ကိုသာ တွေးခေါ်တတ်သူ အရိုင်းအဆင့်မျှသာ ရှိကြောင်း ဆန်းစစ်နိုင်သည်။ လောကတွင် လူတို့စိတ်ဓါတ်မွန်မြတ်ဖို့၊ ယဉ်ကျေးလိမ္မာဖို့၊ မေတ္တာထားကြဖို့၊ စိတ်ကောင်း စေတနာကောင်းများ ရှိကြဖို့က ဘယ်နိုင်ငံရေးစံနစ်၊ ဘယ်နိုင်ငံမှာမဆို လိုလားလက်ခံကြမည် ဖြစ်၏။ လူအချင်းချင်း ရက်စက်ကြမ်းကြုတ် အနိုင်ကျင့်မှုများ၊ ယုတ်မာ ကောက်ကျစ်မှုများ၊ မသိ မလိမ္မာ မှုများကြောင့် ညဉ်းဆဲသတ်ဖြတ်ခြင်းများ၊ ကျေးစွပ်မှုများ ၊ ခိုးမှု လုယက်မှု ၊ မုဒိန်းမှု တို့ ကျူးလွန်ခြင်းတွေကို လူတိုင်းရွံရှာ စက်ဆုပ်ကြ၏။ ထိုမကောင်းသော အကျင့်ဆိုး စိတ်ဓါတ်များ ပပျောက်ဖို့နှင့် ကောင်းသော အပြုအမူ စိတ်နေ သဘောထားများ ကျင့်သုံးနိုင်ဖို့မှာ အမိန့်ထက် ဘာသာတရား၏ လမ်းပြညွှန်ကြား ဆုံးမချက်များကသာ ထိရောက်စွာ စွမ်းဆောင် နိုင်ပေသည်။
အပိုင်း (၆) ကိုနောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

